ကန်းဇော်ပင်

Posted by: Omigar • August 24, 2025

Post Image
ကန်းဇော်ပင် သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ် များ၌ မြေနိမ့်ချိုမ့်ဝှမ်း၊ ရွှံ့နွံပေါ၍ ရေရရှိသော ဒေသများတွင် အများအားဖြင့် ပေါက်ရောက်သည်။ အပင်အရွယ်အစားမှာ အပင်ကြီး မျိုးစုဖြစ်ပြီး အမြင့်ပေ ၁၀၀ ကျော်အထိ ရှိ၍ နှစ်ရှည်ပင် ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Bacourea Sapida ဟု ခေါ်သည်။
ကန်းဇော်ပင်၏ ရုက္ခဗေဒအမည်မှာ Bassia Longifolia Linn ဖြစ်ပြီး မျိုးရင်းမှာ Sapotaceae ဖြစ်သည်။ မြန်မာအမည်မှာ ကန်းဇော်(ရေမယ်ဇယ်/ရေမည်စည်)၊ သက္ကတအမည်မှာ ဇုဍပပ္ဖ၊ မဓုက၊ အင်္ဂလိပ်အမည်မှာ Honey Tree, Mahua of Southern India/ Mahuah Tree ဖြစ်သည်။ ပုံသဏ္ဌာန်မှာ မယ်ဇယ်ပင် (မည်စည်)ပင်နှင့် တူသည်။ အစေးထွက်သည်။ အစေ့မှ ဆီထွက်သည်။ အဆီသည်ခဲ၍ အဝါရောင်ရှိသည်။ ၎င်းကို မယ်ဇယ်ပင်နှင့် အလုံးစုံတူသောကြောင့် ဟိန္ဒီဘာသာဖြင့် "'ဇလမဟူအာ"'ဟု ခေါ်ပြီး မယ်ဇယ်တစ်မျိုး(ရေမယ်ဇယ်)မှ အမည်မှည့်သည်။ [၁]

အရွက်မှာ အစိမ်းရင့်ရောင်ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက်လွှဲ အလှည့်ကျထွက်သည်။ အရွက်၏ အလျားမှာ ရှစ်လက်မခန့်ရှိ၍ အနံ နှစ်လက်မခန့် ရှိပြီး ငှက်မွှေးပုံသဏ္ဌာန် ဖြစ်ပြီး အရွက်ထူကာ အနည်းငယ်မာသည်။ ဆောင်းနှောင်း တပို့တွဲနှင့် နွေဦးပေါက် တစ်ပေါင်းလတို့တွင် ဒူးရင်း၊ မင်းဂွတ်တို့ ပွင့်ချိန်နှင့်အတူ ပွင့်သီးကြသည်။ အပွင့်အရောင်မှာ အဝါနုရောင် ဖြစ်သည်။ တပေါင်း၊တန်ခူးမှာ အသီးသီး၍ အသီးသီးချိန်မှ ရင့်မှည့်ချိန်အထိ အစိမ်းရောင် အတိုင်းသာ ရှိပြီး ကဆုန်၊ နယုန်လများတွင် ကြွေကျ၍ ကောက်ယူရရှိ နိုင်သည်။ အစေ့ပုံစံမှာ ပြောင်ချောပြီး မာကျောသည်။ အညိုရင့် ကျွန်းသားရောင်ဖြစ်ပြီး ခရာစေ့နှင့် ပုံစံတူသော်လည်း ကန်းဇော်စေ့မှာ နှစ်ဆခန့် ပိုကြီးသည်။ အစေ့မှာ အလွန်မွှေးပျံ့ပြီး အဆီထုတ်ယူပါက အစေ့၏ အမွှေးအနံ့အတိုင်း ရှိသည်။

Comments

Please login to comment.
fastejoknu
2 months ago

ကန်းဇော်ဆီကိုတော့တစ်ခုခုဖြစ်ရင်လိမ်းနေကြပဲ